Friday 22 June 2012

"အို... ကမ္ဘာကြီး"

            ကျနော်တို့ ခြေဖဝားအောက်မှာ သူ့ဝင်ရိုးပေါ်ကို ၂၃.၅ ဒီဂရီတိမ်းစောင်းပြီးလည်ပတ်နေတဲ့ ထုထည်ကြီးမား လှတဲ့ အပြာရောင်အရာဝတ္ထုကြီးတစ်ခုရှိလာ တာ နှစ်ပောင်း ၄.၅ဘီလီယံလောက်ကြာခဲ့ပါပြီ။ အပြောင်းအလဲများစွာ
အထုအထောင်း ဒဏ်ချက်များစွာနဲ့ နေမင်းကြီးကို တစ်နှစ်ပြည့်တိုင်း တစ်ပတ်ပြည့်အောင် ဝတ္တရားမပျက် ဆက်လက် လှည့်ပတ်နေတဲ့ 'ကမ္ဘာ' လို့ခေါ်တဲ့ လူသားတို့ ရဲ့နေရပ်ဇာတိ။ ပင်လယ်ကြီးတွေရှိတယ်၊ တောင်တန်းတွေ အစီအရီရှိတယ်၊ မိုးသားတိမ်တိုက်တွေနဲ့ အလှဆင်ထားတယ်၊ အရောင်အသွေးစုံလင်တဲ့ အပင်တွေနဲ့ အမျိုးအစားစုံလင်တဲ့ သတ္တဝါတွေ ရှင်သန်နေကြတယ်၊ ပြီးတော့ ကိုယ်ရံတော်လတစ်စင်းလည်း အခန့်သင့် ရှိနေတယ်။ အဲဒီ အံဘွယ်ဒြပ်ထုကြီးကို လွယ်လွယ်ပဲ သက်မဲ့လို့ ကျနော်တို့သတ်မှတ်ထားကြ တယ်မဟုတ် ပါလား။ တကယ်ပဲ သက်မဲ့တဲ့လား။ ဒီသတ်မှတ်ချက်ကိုပြန်စဉ်းစားစမ်းစစ်ကြည့်ဖို့ အချိန်များတန်လာ ခဲ့ပြီလား။ ရူးကြည့် မယ်လေ။ :)
             တကယ်တော့ ကမ္ဘာကြီးဟာ သက်ရှိပါလို့ မချင့်မရဲ့ ကျနော်လက်တို့ပြောကြည့်ချင်မိတယ်။ ရူးချင်ယောင်ဆောင်တယ်လို့ ခဏလောက်သဘောထားပေးပေါ့။ ပထမဆုံးဘယ်လိုအရာမျိုးကို ကျနော်တို့ က သက်ရှိလို့သမုဂ်လေ့ရှိတာပါလိမ့်။ ရွေ့လျားနိုင်တဲ့ခြင်း၊ ဇိဝဖြစ်ပျက်စဉ်တွေရှိတဲ့ခြင်း၊ ရှင်သန်ကြီးထွား နိုင်တဲ့ခြင်း၊ ပတ်ဝန်းကျင်နဲ့ အပြန်အလှန်နှီးနွယ်နိုင်ခြင်း၊ ပတ်ဝန်းကျင်ကို တုံ့ပြန်နိုင်ခြင်း ၊ နောက်ဆုံး မျိုးပွားနိုင်ခြင်း စတဲ့အရေအသွေးတွေရှိတဲ့ အရာကို သက်ရှိလို့ ယေဘုယျသတ်မှတ်ကြတယ်ဆိုရင် 'ကမ္ဘာ' ဆိုတဲ့ ကျနော်တို့ရဲ့ နန်းတော်ကြီးမှာ အဲဒီလို အရေအသွေးတွေ တကယ်ကို အများအပြား ရှိနေတာပေါ့။
             ကျနော်တို့သာလျှင် ညဖက် ပင်ပန်းလို့ အနားယူအိပ်စက်နေပေမယ့် ကမ္ဘာကြီးကတော့ ရပ်နေ တယ်ဆိုတာမရှိပါဘူး။ သူ့ဝင်ရိုးပေါ်မှာလည်း သူလှည်နေသလို နေကိုလည်း မနားမနေလှည့်ပတ်သွားလာ
နေတယ်ဆိုတာ ကျနော်တို့ငယ်ငယ်တည်းက မျက်စိမှိတ်ပြီး အလွတ်ရွတ်နေကြတဲ့ အမှန်တရား တစ်ခု မဟုတ်ပါလား။ ဇီဝဖြစ်ပျက်ခြင်းဆိုတာ သက်ရှိတွေနဲ့သာ တွဲပြီးသုံးလေ့ရှိတဲ့ အသုံးအနှုံးတစ်ခုဖြစ်ပြီး
သာမန်အားဖြင့် မွေးဖွားခြင်း တည်ရှိခြင်းနဲ့ သေဆုံးခြင်းတို့ဆီကို ဦးတည်မဲ့ ဇီဝဓာတ်ပြုမှုတွေရှိနေခြင်းလို့ သတ်မှတ်နိုင်ပါတယ်။ အနီးဆုံး ဥပမာတစ်ခုကိုပြရလျှင် ကာဗွန်ဆိုင်ကယ်ကို လက်ညိုးညွန်လိုက်ချင်
ပါတယ်။ အဲလိုဇီဝဖြစ်စဉ်တွေရပ်တန့်သွားမယ့်နေ့ ကမ္ဘာကြီးရဲ့စားအိမ်သောက်အိမ် နေလုံးကြီး
သေဆုံးသွားမယ့်နေ့ သတ္တဝါတွေမတည်ရှိနိုင်မယ့်နေ့ဟာ ကမ္ဘာမြေကြီးရဲ့ ရှင်သန်ခြင်းအဓိပ္ပာယ်ပျောက်
သွားတဲ့နေ့ပါပဲ။
              နေစကြာဝဠာအဖွဲ့အစည်းမှာပါနေတဲ့ ကမ္ဘာမြေမှာ သူ့ရဲ့ပတ်ဝန်းကျင်သက်ရောက်မှုတွေကို
တုန့်ပြန်နိုင်တဲ့ ခံတပ်တွေရှိပါတယ်။ ပထမဆုံးအနေနဲ့ နေမင်းကြီးကနေ တိုက်ရိုက်လာတဲ့ လျှပ်စစ်
သံလိုက်လှိုင်းတွေကို တန်ပြန်လမ်းလွဲပေးနိုင်တဲ့ ကမ္ဘာမြေထုရဲ့အတွင်းပိုင်းမှာအခြေတည်ထွက်ပေါ်နေတဲ့ သံလိုက်စွမ်းအင်လွှာ (Magnetoshopere) ရှိနေပါတယ်။ နောက် နေရောင်မှာပါတဲ့ ultraviolet rays တွေကို ကာကွယ်ဖို့အတွက်ကျတော့ အိုဇုန်းလွာတွေ မိုးသားထက်မှာ အခန့်သင့်ရှိနေပါတယ်။ ဒါ့အပြင်ကမ္ဘာရဲ့ဒြပ်ထုကြောင့်ရှိလာရတဲ့ ဒြပ်ထုဆွဲအား(Gravity)ဟာနေ၊လတို့အပြင်တခြား
ဝထ္တုကြီးတွေပေါ်မှာလည်းသက်ရောက်လျက်ရှိနေပါတယ်။
              ဒီကမ္ဘာကြီး သက်ရှိနဲ့ မတူဆုံးအချက်ဆိုရင်တော့ မျိုးပွားနိုင်ခြင်းမရှိတာပါပဲ။ ကမ္ဘာနဲ့တူတဲ့ အလားတူကမ္ဘာတစ်ခုကို ကမ္ဘာကြီးက ဖန်တီးနိုင်စွမ်းမရှိခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ နို့..နေပါအုံး.. တကယ်လို့များ ကမ္ဘာမြေကနေ မွေးဖွားပေးလိုက်တဲ့ ကျနော်တို့လိုလူသားတွေ နေအဖွဲ့အစည်းအတွင်းမှာ
ရှိနဲ့ အခြားဂြိုလ်တွေမှာ အောင်မြင်စွာ အခြေချနေထိုင်နိုင်သွားပြီး ယနေ့ကမ္ဘာမှာလိုပဲ မြို့ပြတွေတည်
ထောင်သွားနိုင်ပြီဆိုရင်ရော။ ကမ္ဘာမှာရှိနေတဲ့မျိုးစေ့တွေ သတ္တဝါတွေကို ဂြိုလ်သစ်မှာလည်းသွားရောက်
ရှင်သန်စေခြင်းဟာ သွယ်ဝိုက်သောနည်းအားဖြင့် ကမ္ဘာလို ကမ္ဘာအသစ်တစ်ခုကို ဖန်ဆင်းနေခြင်းလို့ မဆိုနိုင်ဘူးလား။ ဒီလိုဆွဲတွေးလိုက်ရင် ကမ္ဘာကြီးဟာ ရှင်သန်နေတဲ့ အရာတစ်ခုလို့ တနည်းဆိုနိုင်လာပြီ မဟုတ်ပါလော။
             တကယ်တော့ ကျနော်ရဲ့ ကမ္ဘာကို သက်ရှိလို့ဆိုတဲ့အမြင်မှာ လူတွေရဲ့ အခန်းကဏ္ဍက ချန်ထားလို့မရနိင်ပါဘူး။ ဒီနေရာမှာ လူနဲ့ကမ္ဘာကို သီခြားမမြင်ပဲ လူကို ကမ္ဘာကြီးရဲ့ အစိတ်အပိုင်းတစ်ခု
အဖြစ်မြင်ယောင်ကြည့်ခြင်းပဲဖြစ်ပါတယ်။ ဒီလိုမြင်ကြည့်ရင် လူမှုအဖွဲ့အစည်းတိုးတက်လာခြင်း နည်းပညာ
ကောင်းမွန်လာခြင်း အသိဥာဏ်ရှိလာခြင်းဟာ ကမ္ဘာကြီးကိုယ်တိုင်က အသိရှိလာခြင်း ရင့်ကျက်လာခြင်း
လို့မြင်လာမိတယ်။ အသက်အဝင်ဆုံး အခန်းနားဆုံး ဗိသုကာတွေနဲ့ လှချင်တိုင်း လှနေတဲ့ တိုက်တာ
အဆောက်အဦးကြီးတွေ စေတီပုထိုးတွေ ပိရမစ်ကြီးတွေ၊ ပြီးတော့ ရောင်စုံလင်းနေတဲ့ မြို့ပြညတွေဟာ ကျနော့် အတွေးထဲမှာတော့ ကမ္ဘာကြီးက သူ့ကိုယ်သူ ပြန်အလှဆင်နေခြင်းသာဖြစ်တယ်။ ထိုနည်း၎င်းပဲ စကြာဝဠာရဲ့အခြားတစ်နေရာမှာ ဘယ်သူတွေများရှိနေမလဲလို့ အရှာထွက်နေခြင်းဟာ ကမ္ဘာကြီး ကိုယ်တိုင်က အဖော်ရှာထွက်ခြင်း ရှာနိုင်တဲ့ အသိဥာဏ်တွေရှိလာခြင်းလို့ ပြန်ပြောင်း ပုံဖော်ကြည့်မိတယ်။
            နောက်ဆုံးအနေနဲ့ ကမ္ဘာကြီးကို လူတစ်ယောက်နဲ့ ခိုင်းနှိုင်းရရင် ကမ္ဘာကြီးမှာလည်း ဦးနှောက်ရှိ လာခြင်း အထူးသဖြင့် 'အသိစိတ်' ရှိလာခြင်းလို့မြင်မိတယ်။ အဲဒီ ကမ္ဘာကြီးရဲ့အသိစိတ်ဆိုတာ သန်း၇ထောင်သော လူအစုအဝေးကြီးရဲ့ စုပေါင်းအသိဥာဏ် စုပေါင်းအသိစိတ်ကိုဆိုလိုပါတယ်။ ထိုနည်း၎င်းပါပဲ လူတစ်ယောက်ချင်းကိုကျတော့ ကမ္ဘာ့ဦးနှောက်ရဲ့ နူရုံး (neuron) တစ်ခုချင်းဆီကို ကိုယ်စားပြုနေတယ်လို့ ဆက်လက်စိတ်ကူးကြည့်မိတယ်။ ခုဆို ကမ္ဘာကြီးရဲ့ ဦးနှောက်ဖြစ်တဲ့ လူတွေမှာ ကမ္ဘာကြီးပြန်သတ်ဖို့ တနည်းဆိုရင် ကမ္ဘာကြီးကို suicide လုပ်ခွင့်ပေးနိုင်ဖို့ နူကလီယားလက်နက်တွေကို တီထွင်ပိုင်ဆိုင်လာကြပါပြီ။ ကမ္ဘာကြီးရဲ့ အဆုတ်ဖြစ်တဲ့ သစ်တောကြီးတွေကို မဆင်မခြင်ခုတ်ထစ်ကုန်
ကြပြီ။ ကမ္ဘာကြီးရဲ့ သွေးကြောကြီးတွေဖြစ်တဲ့ မြစ်ကြီး ချောင်းငယ်တွေထဲမှာ အဆိပ်သင့်တဲ့
အာဟာရတွေ စီးမျောနေစေခြဲ့ပီ။ Global Warming ဆိုတာကို ကျနော့်အနေနဲ့ ကမ္ဘာကြီး အဖျားတက်ခြင်း
လို့ကို ကွန့်ညွှန့်ဘာသာပြန်ပလိုက်ချင်မိတော့တယ်။ :)
            တောင်တန်းတွေကို ပြုံးပြနေတတ်တဲ့သူတွေကို တွေ့မိရင် အရူးလို့ အလျှင်စလို ကောက်ချက်
မချမိပါစေနဲ့။ .....
                                                                                                                      7pm