Saturday 25 February 2012

"မှတ်ဥာဏ်ထဲကနတ်ဆိုး"


        ရန်ကုန်မြို့ကြီးဟာတစ်ချိန်က ဒုတိယကမ္ဘာစစ်မြင်ကွင်းတစ်ခုလိုပဲ ခြောက်ကပ်လို့နေတယ်။ ဟိုနား ဒီနားမှာမီးခိုးကတစ်လူလူနဲ့ ပြိုကျနေတဲ့အုတ်နံရံတွေကို ကားပြတင်းပေါက်ကနေ ရိပ်ရိပ်မြင်နေရတယ်။
လာရာလမ်းတစ်လျှောက်လူသူမတွေ့ မိမိတို့စီးလာတဲ့ကားတစ်စီးမှ ကျန်တာတွေကရပ်တန့်လို့နေတယ်။
‘ဟရောင် ရဲခောင်…ငါနားမလည်ဘူးကွာ ဘာလို့ဒီလိုရုတ်ချည်းပြောင်းလဲသွားတာလဲ… ငါသွားလိုက်တာ မှဘယ်လောက်မှ မရှိသေးဘူး’ အဝေးဆုံးတစ်နေရာက အဓိပ္ပာယ်ဖော်လို့မရတဲ့ အရာတစ်ခုကိုကြည့်ရင်း ကျွန်တော်မေးလိုက်တယ်။
        ‘အေကွာ..မင်းမြင်တဲ့အတိုင်းပဲ ဟရောင်ရေ ငါလည်းမနက်နိုးလာမှမင်းကိုလာခေါ်မယ်ဆိုပြီး
အိမ်အောက်ကိုဆင်းလာမှ ဒီမြင်ကွင်းတွေကို စတွေ့တာပဲ’ ရဲခေါင် ကားလေးဖြေးဖြေးမောင်းလာရင်း ဆို့နင့်နေတဲ့အသံလေး နဲ့ပြန်ဖြေတယ်။
‘ဟာ ..ဒါဆိုမင်း ဘာမှမသိလိုက်ဘူးပေါ့ ဒီလောက်ရုပ်ပျက်ဆင်းပျက်ဖြစ်တာကို… မင်းကွာငါအကောင်းမေးတာပါကွ မနောက်စမ်းပါနဲ့’ အံ့သြတစ်ဝက်နဲ့ ယုတ္တိရှိမဲ့အဖြေကို မျှော်နေမိတယ်။
‘ဟာ… ငါနောက်စရာလားကွ နောက်ကြည့်မှန်ကနေ ငါရုပ်ကိုလည်းကြည့်အုံး မျက်ရည်တောင်ကျချင်ချင် …ငါမင်းထက်တောင် အူကြောင်ကြောင်ဖြစ်နေရုံမက လန့်ပါလန့်နေတယ်ကွာ.. ငါဘာလို့နောက်ရမှာ လဲကွာ’  ရဲခေါင် စိတ်ပျက်လက်ပျက် ပြန်ငြီးပြတယ်။
‘ငါတော့လန့်နေပြီ တကယ်ပဲ…. ဒါမှန်းသိရင် ကိုယ်ဟာကိုတောင်ကြီးမှာပဲနေပါတယ်ကွာ…’ ဘေးမှာရှိနေတဲ့ စိုးကျော်က ထပ်ညီးတယ်။ ဒီကောင့်ရုပ်ကတော့ တကယ်လန့်နေတဲ့ရုပ်။ကိုယ်လည်းကြက်သီးနဲနဲဖြန်းနေပြီ။

‘ရဲခေါင် မင်းဘယ်ကိုမောင်းနေတာလဲ ဟရောင်’ ကုန်းကျော်တံတားလေးတစ်ခုရဲ့ အဆင်းနားရောက်တော့
ကျွန်တော်လှမ်းမေးလိုက်တယ်။
‘ရန်ကုန်ဆေးရုံးကြီးကို သွားကြည့်မလားလို့…. အဲမှာဘယ်လိုတွေဖြစ်နေလည်းသွားကြည့်ရအောင်’
ကျွန်တော်ရင်နီးနေတဲ့လမ်းတွေလဲမဟုတ်ဘူး။ ပြီးတော့ ရန်ကုန်ဆေးရုံကြီးဆိုတာ ကိုယ်နဲ့သိပ်မစိမ်း တဲ့နေရာပါ။ ဒီကောင်ဘယ်ကနေမောင်းနေတာလဲ စဉ်းစားမရဘူး။

‘ရှေ့နားဆိုရောက်ပြီကွ’ ညာဖက်ကိုစတီယာရင်လှည့်ရင်း ရဲခောင်လှမ်းပြောနေတယ်။ ဘာလွဲနေလည်းမ သိဘူးတစ်ခုခုကတော့ အကြီးအကျယ်လွဲနေပြီ။
ခြံဝင်းကျယ်ကြီးထဲကို ချိုးကွေ့ဝင်သွားတော့ ကိုယ်သိတဲ့ဆေးရုံကြီးထက် လုံးဝကိုဟောင်းနွမ်းနေတဲ့ အဆောက်အဦးကြီးတစ်ခု။ ဒါဆေးရုံကြီး။ ဟာ…

‘လာအမြန်တက်ရအောင်’ ရဲခေါင်က လောနေတယ်။ ဘယ်လိုရောက်သွားမှန်းမသိပဲကို အပေါ်ထပ်ဖက်ကို
ရောက်သွားတယ်။ ဟာ… ဆေးရုံကော်ရစ်တာတစ်ခုလုံးမှာ လူသေတွေဆိုတာ လုံးဝမြင်ရက်စရာမရှိဘူး။ အသက်ရှင်နေတဲ့လူတွေကလည်း လူသေတွေကြားမှာငုတ်တုတ်ကြီးထိုင်လို့… ဟိုခပ်လှမ်းလှမ်းမှာ
ဆရာဝန်တစ်ယောက် ဂျူတီကုတ်နဲ့ အပြေးအလွှား။ ဘာတွေဖြစ်လို့ ဘယ်သူ့ကိုမေးရမှန်းလည်းမသိနိုင် မတွေးနိုင်တော့ဘူး။

ခပ်တုတ်တုတ်ပဲ နောက်တစ်ထပ်ကိုတက်ကြည့်တယ်။ ဟာ…ဒီမှာကျဘယ်သူမှ မရှိဘူး…တစ်ယောက် ဆိုတစ်ယောက်မှကို မရှိဘူး။ တစ်လှမ်းခြင်း တစ်ရွေ့ရွေ့ခြင်းနဲ့ တစ်ယောက်တစ်လေများတွေ့လေ
မလားဆို မျက်စိထောက်ထောက်ကြည့်နေမိတယ်။ ပြတင်းပေါက်တစ်ခုနားအရောက် အပြင်ကိုတစ်ချက် လှမ်းကြည့်လိုက်တော့ အမယ်…ကျော်မင်း..

        ဒီကောင်ဘာလာလုပ်တာလဲ စိတ်ထဲမှာအရင်စပ်စုလိုက်တယ်။ ပြီးမှ လှမ်းပြီးအော်ခော်လိုက်တော့။
‘ဟာ ..ငမောင် မင်းအဲမှာဘာလုပ်နေတာလဲ’ တဲ့
‘တက်တာတက်လာစမ်းပါဗျာ’ ကျွန်တော်လည်း အသံပြဲနဲ့ ဆော်သြလိုက်တယ်။ သိပ်မကြာဘူး ဘဲကြီးရောက်လာတယ်။ အနားတောင်မရောက်သေးဘူး
‘ဟာ ကျော်မင်း..ဘယ်လိုတွေဖြစ်တာလည်းကွာ’ ဆိုပြီး ကျွန်တော်ဇောနဲ့လှမ်းမေးလိုက်တယ်။
‘မသိဘူး ဟရောင်ရေ… ငါခုနလေးမှအိပ်ရာထတာ.. ထုံစံအတိုင်းလေညင်းလေးခံမယ်ဆိုပြီး ဝရံတာ အပြင်ထွက်မှ ငါနောက်ပြန်တောင်လဲသွားတယ်.. ရုတ်တရက်လှန့်သွားတာ..ဘာဖြစ်မှန်းကိုမသိတာ
မနေ့ညထိအကောင်းကြီးဟ… လုံးဝကိုဗြောင်းဆန်နေတာကွာ အခုတော့’  သေရော ဘယ်သူမှဘာမှ မသိလိုက်ဘူး..မြို့ကြီးတစ်ခုလုံးက ပြာကျလုနီးနီး.. ဟာ ဘာတွေတုန်း…

‘အိမ်ငှားဘိုးတော် စောင့်နေလောက်ပြီထင်တယ် ငမောင်..ရွေ့ရင်ကောင်းမယ်ထင်တယ်..’ ဘယ်ကနေရောက်လာမှန်းမသိတဲ့ စိုးကျော်က လာတန့်လန့် လိုက်တယ်။

‘အေ..လစ်ရင်လဲ လစ်တာပေါ့ကွာ..ဘာတွေဖြစ်နေမှန်းကို မသိတာ’ ကျွန်တော်တတွတ်တွတ်ရွတ်ရင်း သုံးယောက်သားအောက်ပြန်ဆင်းလာခဲ့တယ်။  
‘ဟိုကောင် ရဲခေါင်ရော… မပြန်သေးဘူးလား…ဒီကောင်ဘယ်ပျောက်သွားလည်းမသိဘူး’ ဟိုနားဒီနားကျီးကန်းချောင်းချောင်းကြည့်ရင်း မေးနေမိသေးတယ်။
‘ဒီကောင်နေအုံးမယ်ထင်တယ်…ဟိုမှာနောက်ကျနေလိမ့်မယ်…ငါကားပါနေတာပဲ အဲကိုအရင်သွားပြီးမှ ဖုန်းပြန်ခော်လိုက်တာပေါ့ကွာ’ ကျော်မင်းက အကြံပေးတယ်။ အဲလိုနဲ့ ဘိုးတော်နဲ့ချိန်းထားတဲ့အတိုင်း ငှားမယ့်အိမ်ဆီကိုရောက်သွားတယ်။ စကားတွေတောင်ဘာမှမပြောရသေးဘူးအဖိုးကြီးက သာ့ကိုလှမ်းပေး
ရင်း   ‘င့ါတူတို့နေရုံပဲ ဘာမှလိုလေသေးမရှိစေရဘူး…ရော့တဲ့’.. ပြီးတော့ကုန်းကုန်းလေးလမ်းလျှောက်ထွက်
သွားတယ်။ ဟာ..ဘာတွေမှန်းကိုမသိတာဟေ့… အခုမောင်းလာတဲ့လမ်းတွေကိုလည်း တစ်ခါမှမမြင်ဖူးဘူး.. စိုးကျော်ကသော့ယူပြီး အပေါ်ထပ်ကို ဒိုးပြီ။

‘အော် ငါ့တူ ညကျရင် မင်းတို့အိပ်ခန်းပြတင်းပောက်ကနေ တုတ်လေးတစ်ချောင်း ဖြေးဖြေးခြင်း အပေါ် ကို ရွေ့တက်လာရင်သွားမကိုင်မိစေနဲ့နော်…မင်းရဲ့ဝိညာဉ်နုတ်သွားလိမ့်မယ်တဲ့’ ခြံတခါးနားလောက်
ရောက်နေတဲ့နေရာကနေ အဖိုးကြီးလှမ်းသတိပေးတယ်။ ဒီပဂ္ဂိုလ်အတော်နောက်တာပဲလို့တောင် စိတ်ထဲက  သတ်မှတ်ရင်း ပြုံးပြီးလက်ပြနှုတ်ဆက်လိုက်တယ်။

        အခုမှအပေါ်ကိုသေချာကြည့်မိတော့ အိမ်ရဲ့အပော်ထပ်က ထရံနဲ့ပဲ။ ပြီးတော့ ပြတင်းပေါက်တစ်ခု။ တချက်တော့တွေဝေသွားမိတယ်။
        ခရီးလည်းပန်းပြီ နားအုံးမှပါလေ ဆိုပြီး အပေါ်ထပ်ကိုလှေကားလေးအတိုင်းတက်လာလိုက်တယ်။ အခန်းလေးကတစ်ခန်းထဲ။ ဟိုနှစ်ကောင်က ဆေးလိပ်လေးကိုယ်ဆီနဲ့ ဘာတွေအာလူးဖုတ်နေမှန်းမသိ။ အမယ်… ပထမဆုံးသတိထားလိုက်မိတာ ကွန်ပြူတာလေးတစ်လုံး… အသင့်ခင်းထားပေးတဲ့ အိပ်ရာတွေ ရဲ့ခြေရင်းလေးနားမှာ။ ဟာ…အိပ်ရမှာကပြတင်းပေါက်ရဲ့ဘေးနားလေးမှာဘဲ။ အင်း…ဘာကြောက်
စရာရှိတုန်း..သရဲသဘက်ငါမှ မယုံတာ..တခါမှလည်းကိုယ်တိုင်မတွေ့ဖူး မကြားဖူးတာကို ဆိုပြီး စိတ်ချလက်ချအိပ်ရာပေါ်ကိုခဏလောက်ကြောခင်းလိုက်တယ်။ အဖြစ်အပျက်တွေကို ပြန်စဉ်းစား
နေကြည့်တယ်။ ဆက်စပ်လို့လည်းမရ။

           ကွန်ပျူတာလေးဖွင့်ကြည့်အုံးမှဆိုပြီး ပါဝါအွန်လိုက်တယ်။ ခဏလောက်စောင့်တော့ ဝင်းဒိုး
တက်လာတယ်။ ဂျီတော့တွေ့တော့ ဝင်ကြည့်လိုက်တယ်။ ဘယ်သူဘယ်ဝါတွေမှန်းမသိဘူး ရီကွက်လုပ် ထားတာတွေအများကြီးပဲ။ အက်ဆက်လုပ်လိုက်ပြီးသိပ်မကြာဘူး သူတို့က ဟိုင်းတွေ ဟယ်လိုတွေလုပ် ကြတယ်။ ၅ယောက်လောက်ရှိမယ်ထင်တယ်။ စကားကောင်းတွေပြောနေ ရင်းနဲ့ မျက်စိညောင်းလာလို့ အပြင်ဖက်ကိုလှမ်းကြည့်လိုက်တော့မိုးစုန်းစုန်းချုပ်နေပြီ။ ဟိုက်… ဟိုကောင်တွေကို သတိရလို့လှမ်းကြည့် လိုက်တော့ တစ်ယောက်မှတုတ်တုတ်မလှုပ်ဘူး။ အခန့်သားလေးအိပ်နေကြတယ်။ ဘယ်ကဘယ်လို အချိန်တွေကုန်မှန်းမသိလိုက်ဘူး။

       ကွန်ပျူတာစခရင်ပော်ကို ပြန်ကြည့်လိုက်တော့ ခုနကချက်နေတဲ့ဘော်ဒါအသစ်တွေရဲ့ ပရိုဖိုင်းပုံတွေ က အဆန်းတွေ။ မေးကြည့်လိုက်တော့ အဲဒါသူတို့ ပုံတွေလို့ပြန်ပြောတယ်။ ဒီနေ့ရက်ရက်စက်စက်ကို ထူးဆန်းနေပြီလို့ ခံစားလိုက်ရတယ်။ ဒီကောင်တွေနဲ့ဆက်ချက်နေရင်း စခရင်ပော်ကို သရဲလေးတွေကနေ တဲ့ပုံတွေတက်တက်လာတယ်။တီးလုံးသံလေးတွေနဲ့လှလှပပကနေကြတာဆိုတော့ ကြောက်စရာမကောင်းပဲ ကြည့်လို့ကောင်းနေတယ်။ တီးလုံးတွေကတစ်ခုထဲမဟုတ်ဘူး… တစ်ခုပြီးတစ်ခုကြားမှ ဒီကောင်တွေရဲ့ ပရိုဖိုင်းပုံတွေတက်တက်လာတယ်။ ပြုံးနေရာကနေ တဖြည်းဖြည်းခြင်းမဲ့လာတယ် မျက်နှာလေးတွေက။ ကျွန်တော်လုံးဝကိုမကြောက်ပဲမနေနိုင်တော့ဘူး။ တကယ်အတည်ပေါက်ကြီးတွေ!

       အဲဒီအချိန်မှာပဲ ခပ်လှမ်းလှမ်းမှာရှိနေတဲ့ အိပ်ခန်းတံခားအဝက ပုံမှန်ဘယ်ဘက်ကိုဆွဲဖွင့်မှပွင့်ရမဲ့အစား အခုတော့ညာဘက်ကို ဖြေးဖြေးချင်းရွေ့ပြီးပွင့်လာနေတယ်။ ကျွန်တော်ထပြေးပြီ…ဟိုကောင်တွေရှိ
တဲ့နားကို..အတင်းနိုးတယ်..အတင်းကိုလှုပ်နိုးတာ… ဒီကောင်နှစ်ကောင်ကလည်းလုံးဝကိုနိုးလို့မရတော့ဘူး။
ဟိုကတံခါးက အတော်လေးကိုပွင့်နေပြီ။ အသွေးထဲအရိုးထဲထိကြောက်နေပြီ။ ရိပ်ခနဲဆိုလှမ်းတွေ့ လိုက်တော့ ဘေးမှာရှိနေ ပြတင်းပေါက်ဆီကိုအကြည့်က ရောက်သွားတယ်။ အဟုတ်ပဲ သစ်ကိုင်းချောက် တုတ်လေးတစ်ချောင်း!။ ဖြည်းဖြည်းခြင်းအပော်ကို ရွေ့တက်လာနေတယ်။ လောကမှာဒီထက်
ကြောက်ဖို့ကောင်းတဲ့အတွေ့အကြုံမရှိတော့တာသေချာပြီ။ နားထဲမှာအဖိုးကြီးပြောခဲ့တဲ့စကားလုံးတွေ  

‘သွားမကိုင်နဲ့ မင်းရဲ့ဝိညာဉ်ကိုနုတ်သွားလိုက်မယ်’
‘သွားမကိုင်နဲ့ မင်းရဲ့ဝိညာဉ်ကိုနုတ်သွားလိုက်မယ်’

             ကျွန်တော့်လက်… ကျွန်တော့်ရဲ့ညာဖက်လက်… တုတ်ရှိရာကို ဆန့်ထွက်နေတဲ့ကိုယ့်ရဲ့
ညာဖက်လက်ကိုကြည့်ရင်း ’ငါမကိုင်ဘူးလေ’ ’ ငါမကိုင်ဘူး’ လုံးဝကို ငယ်သံပါအောင် ကျွန်တော်အော်
နေပြီ… ဘယ်ဖက်လက်နဲ့  ရွေ့နေတဲ့ ညာဖက်လက်ကိုအားနဲ့ မရမက အတင်းလိုက်ဆွဲ ခုခံနေမိတယ်။ ဘယ်လို မှမရတော့ဘူး။ ညာဖက်လက်ဖဝါးတုတ်နားကိုရောက်လို့ ဆုပ်ကိုင်တော့လုဆဲဆဲမှာပဲ

‘ငမောင် မကိုင်နဲ့ လုံးဝမကိုင်နဲ့ !’    အိပ်ရာက နိုးလာတဲ့ စိုးကျော်က အသားကုန်အော်ပြီး ကျွန်တော်နောက်ကျော ကိုလှမ်းဆွဲတယ်။ နောက်ကျသွားခဲ့ပြီ။

                                                                                                                     7pm
 

P.S: ရေးရင်းတောင် ကြက်သီးပြန်ထိမိတဲ့ အိပ်မက်ခြောက်တဲ့ ညတစ်ညပါ။

No comments:

Post a Comment